တစ်ခါတုန်းက..
ဘောက်ဖတ်ကလေး တစ်ကောင် ရှိတယ်။
သူဟာ  တွန့်လိမ် တွန့်လိမ်နဲ့ သစ်ရွက်ကလေးတစ်ရွက်ပေါ်မှာ နေနေရရှာတယ်။  နေပူတော့လည်း နားခိုစရာ မရှိ။ နှင်းရွှဲတော့လည်း ချမ်းခိုက်ခိုက်တုန်။  ကိုယ်ဘဝကို စိတ်ကုန်နေရှာသတဲ့။ စားရပြန်တော့မလည်း သစ်ရွက်၊ နေရပြန်တော့လည်း  သစ်ရွက်၊ နေပူ၊ လေတိုက်၊ သစ်ပင်ပေါ်က အမှိုက်တစ်စလို ကိုယ့်ကိုကိုယ်  ခံစားမိပြီး အားငယ်နေရှာတယ်။
လေအတိုက် လေအကြမ်းမှာ လွင့်ကျမသွားဖို့ သူ မနေချင်ဘူးဆိုတဲ့ သစ်ရွက်ကလေးကိုပဲ မြဲမြဲကုပ်တွယ်ထားရရှာတယ်။ 
သူမပျော်နိုင်ရှာပါဘူး။ 
ခန္ဓာကိုယ်က ပျော့စိစိနဲ့ ရွံစရာကလည်း ကောင်း၊ အပေါင်းအသင်းကလည်း မရှိ၊ တွေးကြည့်ရင် သူ့ဘဝဟာ ဝမ်းနည်းစရာပါ။ 
ခုန်ပေါက်ပြီး  ဆော့ကစားနေတဲ့ ဓားခုတ်ကောင်လေးတွေကို ကြည့်ပြီးအားကျ၊  ဝမ်းနည်းဖြစ်နေ၇ှာသတဲ့ ။ သူတို့လိုလည်း မြင့်မြင့်ကို မခုန်နိုင်၊  သူတို့လိုလည်း မသန်စွမ်း၊ သူတို့လိုလည်း အားမာန်တွေမိရှီ၊ သူတို့လိုလည်း  အတောင်မပါ။ သူတို့လိုလည်း ဝေးဝေးမသွားနိုင်၊ ငါဟာ ဘာမှ အသုံးမကျတဲ့  အကောင်ပဲလို့ တွေးပြီး စိတ်ဓာတ်တွေလည်း တဖြည်းဖြည်း ကျလာတယ်။  တွေးလိုက်တိုင်း စိတ်အားငယ်စရာတွေချည်းပဲ။  ငါသေချင်လိုက်တာလို့  အမြဲစဉ်းစားနေသတဲ့။ သိမ်ငယ်စိတ်တွေနဲ့ပေါ့။
ဘောက်ဖတ်ကလေးရေ….
မင်း မသိလို့ပါ။ 
မင်းဟာ  တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အမြင့်ကိုလည်း ပျံသန်းနိုင်တဲ့၊ လေတွေကိုလည်း  တစ်ဝကြီး ရှူသွင်းခွင်ရတဲ့ အရောင်အသွေးစုံတဲ့၊ အသွေးအရောင်လှပတဲ့ ၊  တောင်ပံတွေကို ပိုင်ဆိုင်နိုင်တဲ့ လိပ်ပြာလှလှလေးတစ်ကောင် ဖြစ်လာမှာပါ။  လှပတဲ့ ပန်းကလေးတွေကို မင်းကြိုက်သလို နားခွင့်ရမှာပါ။ ပန်းကလေးတွေကိုလည်း  မျိုးဆက်ပြန့်ပွားဖို့ ဝတ်မှုန်ကူးပေးနိုင်သူ ဖြစ်လာမှာပါ။  ပန်းလှလှလေးတွေလိုပဲ ဥယျာဉ်ကြီးကို ပိုပြီး လှပလာအောင် မင်းရဲ့ တောက်ပ  အရောင်စုံတဲ့ အတောင်ပံလေးတွေနဲ့ ကူညီပေးနိုင်သူ ဖြစ်လာမှာပါ။ မင်း ဘာလို့  အားငယ်နေရတာလဲ။ 
********
ကျွန်တော် တွေးမိတာလေး ရေးလိုက်တာပါ။
ဟုတ်ပါတယ်။
ကျွန်တော်ဟာ တစ်ချိန်တုန်းက ဘောက်ဖတ်ကလေးတစ်ကောင်ပါ။
ကိုယ့်ဘဝကို စိတ်ကုန်ခဲ့ဖူးတယ်။ 
မျှော်လင့်ချက်တွေ ပျောက်ဆုံးခဲ့ဖူးတယ်။
ရည်မှန်းချက်တွေ တစ်ခုမှဖြစ်မလာတော့ တစ်ယောက်တည်း ကျတ်ပြီး ငိုခဲ့ဖူးတယ်။
ဘာကိုမှ ပိုင်ဆိုင်ခွင့်၊ ဖန်တီးခွင့် မရှိတော့ဘူးလို့ အဆုံးထိတွေးပြီး စိတ်ဓာတ်တွေ ကျခဲ့ဖူးတယ်။
ဘဝဆိုတာ ကိုယ်ဖြစ်ချင်တာတွေ တစ်ခုမှ မဖြစ်တက်ဘူးလို့ တွေးပြီး သောကတွေနဲ့ အိပ်မပျော်ဖြစ်ခဲ့ဖူးတယ်။
အခုတော့ လိပ်ပြာလှလှလေးတစ်ကောင် ဖြစ်နေပါပြီ။
********
ဒီနေ့ လူငယ်ကျောင်းသားတွေကို ပြောပါရစေ။
မင်းတို့ဟာ  ဒီအချိန်မှာ ဘောက်ဖတ်ကလေးတွေပါ။ ကိုယ့်ရဲ့ မပြည့်စုံမှု၊ အခက်အခဲ၊  ပြဿနာတွေကြောင့် စိတ်ဓာတ်မကျပါနဲ့ ။ ဖြစ်နေတဲ့ ဘဝကို ကျေကျေနပ်နပ်ကြီး  လက်ခံလိုက်စမ်းပါ။ ပတ်ဝန်းကျင်ကို မော့ကြည့်ပြီး ကိုယ်နဲ့ နှိုင်းလို့  အားမငယ်ကြပါနဲ့။ ကိုယ့်ကိုကိုယ်လည်း အထင်မသေးနဲ့နော်။  ကိုယ့်ကိုကိုယ်အထင်သေးတယ်ဆိုတာ ကျရှုံးမှု တစ်မျိုးပဲနော်။  စိတ်အားငယ်တယ်ဆိုတာ ကြိုတင်ပြီး အရှုံးပေးခြင်းတစ်မျိုးပဲနော်။  ဝမ်းနည်းတယ်ဆိုတာ ။ ကိုယ့်ကိုကိုယ် သနားတယ်ဆိုတာ နိမ့်ကျတဲ့  စိတ်ဓာတ်မျိုးနော်။ မင်းတို့ ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လှပတဲ့  အရောင်အသွးစုံတဲ့ ချစ်စရာကောင်းတဲ့ လိပ်ပြာကလေးတွေ ဖြစ်လာမယ်ဆိုတာ  ယုံလိုက်စမ်းပါကွယ်။ 
အခုတော့.  စစ်ဗိုလ်ကြီး၊ ပညာတက်ကြီး ၊ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး ၊ အရာရှိကြီး၊  ကျောင်းဆရာ၊ ဆရာမတွေပေါ့၊ အဆိုတော်ကြီး၊ အနုပညာရှင်ကြီး၊  ရုပ်ရှင်သရုပ်ဆောင်ကြီး၊ ပန်းချီဆရာကြီး၊ အယ်ဒီတာကြီး၊  စာရေးဆရာကြီးတွေပေါ့။ ကွန်ပျူတာပညာရှင်ကြီး၊ ကုမ္မဏီပိုင်ရှင်ကြီး၊  စီးပွားရေးပညာရှင်ကြီး၊ စတိုးဆိုင်ပိုင်ရှင်ကြီးတွေပေါ့။ လိပ်ပြာလှလှလေးတွေ  ဖြစ်နေကြပြီ။ သူတို့လည်း တစ်ချိန်တုန်းက ဘောက်ဖတ်ကလေးဘဝကို  ဖြတ်သန်းခဲ့ဖူးတယ်ဆိုတာ သိစေချင်တယ်။
ဒါ့ကြောင့်.
ဘောက်ဖတ်ကလေးရေ.
ငိုမနေနဲ့၊ ဝမ်းနည်းမနေနဲ့ ၊ ကြေကွဲမနေနဲ့၊ 
သေချင်လောက်အောင်လည်း စိတ်ဓာတ်ကျမနေနဲ့။ 
မင်းဟာ  တစ်ချိန်ချိန်မှာ မိဘအတွက်၊ ဆွေမျိုးအတွက်၊ ပတ်ဝန်းကျင်အတွက်၊ အမျိုးဘာသာ  သာသနာအတွက်၊ လူသားတွေအတွက်၊ ကမ္ဘာကြီးအတွက်၊ အသုံးဝင်မယ့် အကျိုးပြုမယ့်၊  အဖိုးအနဂ္ဂထိုက်တန်တဲ့ လိပ်ပြာလှလှလေးတစ်ကောင်ဖြစ်လာမယ်ဆိုတာ  ယုံလိုက်စမ်းပါကွယ်။
တစ်ခေုတော့ မှာချင်တယ်။
လိပ်ပြာဘဝရပြီဆိုရင်လည်း လိပ်ပြာတာဝန်ကို ကျေစေချင်တယ်။
အတ္တကြီးတဲ့  လိပ်ပြာ၊ တစ်ကိုယ်ကောင်းဆန်တဲ့ လိပ်ပြာ၊ မနာလိုတက်တဲ့ လိပ်ပြာ၊  ဝန်တိုတက်တဲ့ လိပ်ပြာ၊ ကြွးဝါတက်တဲ့ လိပ်ပြာ၊ ဘဝမေ့တက်တဲ့ လိပ်ပြာ၊  ဘဝင်မြင့်တဲ့ လိပ်ပြာ မဖြစ်စေချင်ဘူး။
ကိုယ်ချင်းစာတက်တဲ့  လိပ်ပြာ၊ မေတ္တာ ကရုဏာရှိတဲ့ လိပ်ပြာ၊ ကိုယ့်တာဝန်ကို ကျေပွန်အောင်  ဝမ်းဆောင်တက်တဲ့ လိပ်ပြာ၊ ဇွဲရှိတဲ့ လိပ်ပြာ၊ ဝီရိယရှိတဲ့လိပ်ပြာ၊  အလုပ်ကြိုးစားတဲ့ လိပ်ပြာ၊ ဟန်ဆောင်မှုကင်းတဲ့ လိပ်ပြာ၊ ရိုးသားတဲ့  လိပ်ပြာ၊ လိပ်ပြာအချင်းချင်း အချစ်ခံရတဲ့ လိပ်ပြာလေးတစ်ကောင်ဖြစ်ဖို့  ကြိုးစားစေချင်တယ်။
နောက်တစ်ခု မှာပါရစေဦး။ 
လိပ်ပြာဆိုတဲ့ ဘဝတစ်ခုဟာလည်း အကြာကြီး မဟုတ်ဘူးဆိုတာ သိထားဦးနော်…။
ရတဲ့အချိန်တိုအတွင်းမှာ အကောင်းဆုံးတွေကို ဆောင်ရွက်ပါနော်။
ဘောက်ဖတ်နဲ့ လိပ်ပြာကလေးတွေကို မြင်တွေ့တိုင်း…………
လူငယ်လေးတွေရဲ့ စိတ်ထဲမှာ ကိုယ့်ဘဝနဲ့ နှိုင်းလို့ အားမာန်တွေ မွေးကြစမ်းပါ…။
အားမငယ်ကြဖို့ပါ။ 
ဦးဘုန်း(ဓာတု)
မန္တလေး
ဦးဘုန်း(ဓာတု)
မန္တလေး
1 comments:
i think i can be a beautiful butterfly in one day sir....but i am now a pupa
Post a Comment