|
Thursday, July 17, 2014
Share photos and updates with Uphone
Wednesday, July 16, 2014
Share photos and updates with Uphone
Uphone is sharing photos, updates and more on Facebook. Sign up to stay in touch with Uphone and all the people you care about. Uphone Dhartu Works at Writer and Teacher · Mandalay University · Mandalay 1,940 friends · 3 notes · 6 groups
|
Monday, June 30, 2014
Share photos and updates with Uphone
Uphone is sharing photos, updates and more on Facebook. Sign up to stay in touch with Uphone and all the people you care about. Uphone Dhartu Works at Writer and Teacher · Mandalay University · Mandalay 1,905 friends · 3 notes · 5 groups
|
Saturday, June 14, 2014
Check out Uphone's photos on Facebook.
|
Wednesday, August 10, 2011
လောကဓံမိုး
အပြင်မှာ မိုးတွေရွာနေတယ်။
မိုးကိုမျှော် နေတာကြာပါ ပြီ ။ အခုမှပဲမိုးကိုမြင်ရတော့တယ်။ မိုးမရွာခင်က ပူလိုက်တာ။
မိုးတွေရွာနေတော့ 'မိုးရွာသောနေ့ ' "Raining Day" နဲ့ ပတ်သက်ပြီး တွေးမိတာလေးတွေ ရေးချင်လာတယ်။
လူတိုင်းသိပြီးသား ပုံပြင်လေးတစ်ပုဒ် ရှိတယ်။
တစ်ခါတုန်းက ပုရွက်ဆိတ်ကလေးတစ်ကောင်နဲ့ နှံကောင်လေး အကြောင်းပေါ့။ ဒီပုံပြင်အကြောင်းကိုတော့ ဖွဲ့နွဲ့ပြီး မရေးချင်တော့ပါဘူး။ ပျော်ကြူးတတ်တဲ့ နှံကောင်လေးနဲ့ အနာဂါတ်ကို ကြိုတင်ပြင်ဆင်တတ်တဲ့ဝီရီယရှိတဲ့ပုရွက်ဆိက် အကြောင်းကို လူတိုင်းသိပြီးသားပါ။
တစ်နေ့ နေ့ မှာ မိုးရွာမယ်။ အဲဒီအတွက်အစာကို ကြိုတင်စုဆောင်းနေတဲ့ ပုရက်ဆိတ်ကလေးရယ်။ ဘာပဲ ဖြစ်ဖြစ်ပျော်ဖို့ သာ အဓိကဆိုတဲ့ နှံကောင်လေးရယ်။
သူတို့ကြောင်းမှာ'' မိုးရွာသောနေ့ '' ဆိုတာပါတယ်။ တကယ်လည်း မိုးရွာလာတော့ အပျော်ကြူးတဲ့ နှံကောင်လေး ဒုက္ခရောက်ရတယ်။
အဲဒီအကြောင်းကို ဆက်ပြီးတွေးနေမိတယ်။
ကျွန်တော်တို့ မိသားစုဟာ နှံကောင်ဘ၀ကို ရောက်ခဲ့ဖူးတယ်။ အဖေကရုံးအုပ်စာရေးကြီး ဆိုတော့ သူ့ရုံးအလုပ်နဲ့သူကပျော်တယ်။သူ့မိတ်ဆွေတွေနဲ့ သူက ပျော်တယ်။ဝန်ထမ်းအိမ်ရာမှာ နေရတာကို ကျေနပ်နေတယ်။ လကုန်ရင် လခရတယ်။ ရတဲ့လခနဲ့ လောက်အောင်စားရတယ်။ ချေးလိုက် ငှားလိုက် ပြန်ဆပ်
လိုက်၊ပြန်ချေးလိုက်နဲ့ ကျွန်တော်တို့ဘ၀မှာ အကြွေးတွေ သံသရာလည်ခဲ့ဖူးတယ်။
Rain Day လို့ ခေါ်တဲ့ မိုးရွာတဲ့တစ်နေ့ကို ရောက်လာခဲ့တယ်။အဲဒီနေ့က အဖေပင်စင်ယူတဲ့နေ့ပေါ့။ ကျွန်တောတို့ မှာနေစရာမရှိဘူး။အိမ်ငှားနဲ့နေဖို့ ကလည်း ရေရှည်မလွယ်ဘူး။ ကျွန်တော်တို့ ငိုခဲ့ရဖူးတယ်။ ဘ၀ကိုစိတ်ကုန်ခဲ့ရဖူးတယ်။ Rain Day ကိုကျွန်တော်တို့ မိသားစုမေ့ နေကြတယ်။ တကယ်လည်းRaining Day ကိုကြုံရော အားလုံး ဒုက္ခ ရောက်ကြရတော့တာပါပဲ။မိုးတွေရွာနေတာကို ကြည့်ပြီး ကျွန်တော်ရဲ့ ငယ်ဘ၀ကို စဉ်းစားနေမိတယ်။
ကြိုတင်ပြင်ဆင်တတ်တဲ့သူက ဒုက္ခ မရောက်ဘူး။
ကြိုတင်ပြင်ဆင်မှုမရှိခြင်းဟာ ကြိုတင်ပြီး အရှုံးပေးခြင်းတစ်မျိုးပါပဲ။
စာသင်ခန်းထဲကတပည့်တော်များများဟာလည်း "နှံကောင်" တွေပါပဲ။ အပျော်ကြူးနေကြတယ်။ ကြိုတင်မပြင်ဆင်ဘူး။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေတဲ့အချိန်ဟာ Raining Day ပါပဲ။ ဒီနေ့ခေတ်လူငယ်တော်တော်များများဟာ အပျင်းထူတယ်။ ခိုင်းမှလုပ်တတ်တယ်။ ဘေးက ကူညီတဲ့လူတစ်ယောက်မပါပဲ ဘာမှ မလုပ်တတ်ဘူး။ သူတို့တတွေရဲ့ဘ၀မှာ Raining Day တွေအများကြီး ကြုံရဦးမှာပါ။
ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်။သူကနို့ ဆီစက်ရုံတစ်ခုမှာ အလုပ်လုပ်တယ်။ သူ့ ဘ၀ကို သူကျေနပ်နေတယ်။ အဲဒီကြားထဲမှာ အသောက် အစားကလည်းရှိတယ်။ဒီလိုနဲ့ တစ်နေ့ကသူဆေးရုံတက်ရတယ်။အသည်းရောဂါဖြစ်လို့ တဲ့။ ဆေးကုစရာပိုက်ဆံကလည်း မရှိဘူး။ သူ့သားသမီးတွေကလည်းငိုနေကြတယ်။သူအမျိုးသမီးကလည်းဘာမှ မလုပ်တတ်ဘူး။ နောက်ဆုံးတော့ ကျွန်တော့တို့ သူငယ်ချင်းတွေစုပြီး သူ့ကိုကူညီကြရတယ်။ကျွန်တော်တို့ကလည်း ဘယ်တိုင်းအတာထိ ကူညီနိုင်မှာလည်း။သူနေတဲ့အိမ်ကလည်း အိမ်လခ၊အိမ်စပေါ်တွေတောင်းနေပြီ။ သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ သြော်...' နှံကောင်' လိုလူတွေအမှားကြီးပါလား။ Raining Day ကြုံ ရတော့ သူဘာမှ မတတ်နိုင်ဘူး။
ကျွန်တော်တို့ အရပ်ထဲမှာ ကျောင်းအုပ်အငြိမ်းစားဆရာကြီးတစ်ယောက်ရှိတယ်။ သူကတော့ပုရွက်ဆိတ်လို လူတစ်ယောက်ဖြစ်တယ်။ ကျောင်းဆရာဘ၀မှာစုစုဆောင်းဆောင်းနေခဲ့တယ်။ လုပ်သက်နဲ့ ရတဲ့မြေကို ရောင်းမစားဘူး။အဲဒီမြေပေါ်မှာပဲ တဲအိမ်လေးတစ်လုံးထိုးပြီး နေတယ်။ ပင်စင်ရပြီးကတည်းကညနေစာမစားဘူး။ ဥပုသ်စောင့်တယ်။ ကျန်းမာရေးလိုက်စားတယ်။ ပရဟိတအလုပ်တွေနဲ့ အချိန်ကို အသုံးချတယ်။ရှိတာလေးနဲ့ လောက်အောင်စားတယ်။ မနက်တိုင်းလမ်းလျှောက်ထွက်တယ်။ နေ့ တိုင်းတရားထိုင်တယ်။လှူစရာရှိရင် စနစ်တကျလှူတယ်။ စည်းကမ်းရှိတယ်။ူအမြဲပြောတဲ့စကားတစ်ခွန်းရှိတယ်။ " ကြိုတင်ပြင်ဆင်တယ်ဆိုသူရဲကောင်းတွေရဲ့ အပြုအမူကွ"။ ကျုပ်ပိုင်တဲ့ စည်းစိမ်တွေက ကျုပ်ကိုငရဲပြည်ရောက်ဖို့ ဆွဲခေါ် နေတယ်။ အဲဒီအရွယ်မှာပိုက်ဆံများများမလိုဘူး။ငွေစက္ကူဟာငရဲပြည်သွားဖို့ လက်မှမဟုတ်ဘူး။ လူတချို့ ကတော့ငွေစက္ကူကိုတွယ်တာနေရင်းနဲ့ အဲဒီငွေစက္ကူဟာငရဲပြည်သွားဖို့ လက်မှတ်တွေဖြစ်ကုန်ကြတယ်''
သူပြောတဲ့စကားဟာမှတ်သားလောက်တယ်။ အဓိပ္ပါယ် ရှိတဲ့ပိုင်ဆိုင်မှုကသာအ ဓိပ္ပါယ်တဲ့ဘ၀ကို ဖြစ်စေနိုင်တယ်။
ဒီလိုပါပဲ။ပေါ့ပေါ့ပါးပါးလေး လုပ်ကိုင်နေရင်းနဲ့လည်းအောင်မြင်မှုဆိုတာ ရချင်ရတတ်တယ်။ လူတွေရဲ့ နှုတ်ဖျားက ချီးမွမ်းခြင်းနဲ့ ကဲ့ရဲ့ ခြင်းအကြားမှာ ၀မ်းနည်းခြင်း ၀မးသာခြင်းတွေနဲ့ ဘ၀ကိုတည်ဆောက်နေကြရတယ်။
လောကဓံဆိုတာ လူတွေကို ဘ၀င်မမြင့်ဖို့ ၊ ဘ၀မမေ့ဖို့၊ ဆုံးမပေးတဲ့သဘာဝကပေးတဲ့ဆရာကြီး တစ်ပါးပဲ။
လောကဓံဆိုတာ အတ္တနဲ့ မာနကို မှန်မှန်ကန်ကန် ချိုးနှိမ်းပေးတဲ့ဆေးတစ်လက်ပဲ။လောကဓံဆိုတာ Raining Day ပဲလေ။ကျွန်တော်ဘ၀မှာ Raining Day တွေ ကြုံ ခဲ့ပြီးပြီ ။နောက်ထပ်လည်း Raining day တွေကြုံ ကြရ ဦးမယ်။ Raining Day နဲ့ ကြုံတဲ့အခါ တစ်ခါတစ်လေ ပုရွက်ဆိတ်ဖြစ်လို တစ်ခါတစ်လေနှံကောင်ဖြစ်လိုက်နဲ့ ။သေချာတာတစ်ခုကတော့ ဘ၀အတွက်ကြိုတင်ပြင်ဆင်တတ်ခြင်း ဆိုတဲ့ လေ့အကျင့်ရှိဖို့ ပါပဲ။
မိုးရွာသောနေကရယ်၊ပုရွက်ဆိတ်တစ်ကောင်ရယ်၊နှံကောင်လေးတစ်ကောင်ရယ်။ကျွန်တော်ရယ်။ ကျွန်တို့ ဘ၀မှာ ဆင်ခြင်စရာတွေ အတုယူစရာတွေ သံဝေဂတွေ သတိပြုစရာတွေ အများကြီးပါလားလို့ … ကျွန်တော် တွေးနေမိတယ်။ လူတိုင်းလူတိုင်းဘ၀မှာRaining Day ဆိုတာ ရှိ နေဦးမှာပါ။
ဟော…
အပြင်မှာ မိုးတွေရွာနေတယ်။
ကျွန်တော်တို့ဟာ
ပုရွက်ဆိတ်လေးတစ်ကောင်လား။
နှံကောင်းလေးတစ်ကောင်လား။
ဘာပဲဖြစ်ဖြစ် ' လောကဓံမိုး ' ကတော့အကြိမ်ကြိမ် ရွာနေဦးမှာပါ။
*******************************
ဦးဘုန်း(ဓါတု)
မန္တလေး
သုည
အတွေးရသစာစု စာအုပ်မှ
Thursday, May 19, 2011
`` ထီ ``
``ဟူး…. ဒီတစ်ပတ်လည်း ထီမပေါက်ပါလား``
ထိုးထားတဲ့ ထီတွေရယ်၊ ထီပေါက်စဉ်ရယ် တိုက်ပြီး ကျွန်တော် ညည်းတွားမိတယ်။ လဆန်းတိုင်း ထီဖွင့်ရက်ဆိုရင် ထီပေါက်လိမ့်မလားလို့ဆိုတဲ့မျှော်လင့်ချက်နဲ့ ထီတိုးခဲ့တာ ဒီအသက် ဒီအရွယ်ထိပါပဲ။ ထီထိုးတိုင်း လိပ်စာပေးခဲ့တယ်။ ဖုန်းနံပါတ်ပေးခဲ့တယ်။ လစဉ် လဆန်း (၁) ရက်၊ (၂)ရက် ဆိုရင် ထီပေါက်ကြောင်း ဘယ်သူများ လာပြောမလဲလို့ အမြဲရင်ခုန်မိတယ်။ ထီပေါက်ကြောင်း ဖုန်းများဆက်လေမလားလို့ ဖုန်းသံကြားတိုင်း စိတ်လှုပ်ရှားမိတယ်။
မြတံခွန်နဲ့ အောင်သန်းဆု ထီဆိုင်ကြီးတွေက သိန်းထောင်ဆုပေါက်တဲ့ သူကို အပိုဆုပေးတဲ့ အခမ်းအနားပွဲတွေ တွေ့တိုင်း အားကျမိတယ်။ တစ်နေ့… အဲဒီနေရာမှာကိုယ်ဖြစ်ရမယ်ဆိုတဲ့ အသိစိတ် ရင်ထဲမှာအမြဲရှိနေတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့တွဲပြီး ဓာတ်ပုံရိုက်လိုက်မယ်ဆိုတဲ့ စိတ်ကူးကလည်း ရှိနေသေးတယ်။
ကျွန်တော် တစ်ခါမှ ထီမပေါက်ဘူးပါ။ ဒါပေမဲ့ ထီပေါက်လိမ့်မယ်လို့ လုံးဝယုံကြည်ပါတယ်။ ဒီကနေ့ထိတော့ စိတ်ဓာတ်မကျပဲ ထီကို ဇွဲရှိရှိနဲ့ ထိုးဆဲပါ။ အတိတ်က ဒါနမျိုးစေ့ ဘယ်လောက်ရှိသလဲ သိချင်လို့ လစဉ်ထီထိုးပါတယ်။ လစဉ်လည်း မျှော်လင့်ပါတယ်။
လက်ဖက်ရည်ဆိုင်တွေမှာထီရောင်းတဲ့ကလေးတွေ ရှိပါတယ်။ သူတို့ကိုတွေ့ရင် ကျွန်တော် ထီ အမြဲတမ်းထိုးတယ်။ အလကားနေရင်းတောင် ဆေးလိပ်သောက်၊ ကွမ်းစား၊ ဘီယာဆိုင်ထိုင်ပြီး ပိုက်ဆံတွေ ကုန်သွားတက်သေးတာ။ ထီထိုးတယ်ဆိုတာ ထီမဖွင့်မချင်း ငါ ထီပေါက်နိုင်တယ်ဆိုတဲ့ အရသာရှိတဲ့ စိတ်ကလေးနဲ့ နေရထိုင်ရတာ အင်မတန်ကို ကြည်နူးစရာကောင်းတယ်။ ဒါပေမဲ့ ထီမပေါက်ခဲ့ဖူးဆိုရင်လည်း တစ်လအတွင်း ပြန်ပြီး ကံစမ်းခွင့်ရှိတယ်။ လစဉ် လဆန်းတိုင်း၊ ရင်ခုန်ရတဲ့ အရသာကို ထီထိုးဖူးသူတိုင်း သိကြပါတယ်။
***************
ကျွန်တော် ညနေ (၃)နာရီဆိုရင် ``မင်းမဟာ`` လက်ဖက်ရည်ဆိုင်မှာ ထိုင်နေကျပါ။ ``လက်ဖက်ရည်မိတ်ဆွေ`` တွေ ကျွန်တော့်မှာ ရှိပါတယ်။ စကားပြောဖော်ပြောဖက်တွေပါ။ စာပေဆွေးနွေးဖော် ဆွေးနွေးဖက်တွေပါ။ ထီထိုးဖော်ထိုးဖက်တွေပါ။ လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတော့ ရောက်တက်ရာရာတွေ ပြောတက်ကြပါတယ်။
တစ်ခါတလေလည်း ဘောလုံးပွဲအကြောင်း၊ တစ်ခါတစ်လေလည်း ကမ္ဘာသတင်း… နိုင်ငံသတင်းအကြောင်း၊ တစ်ခါတလေကျတော့လည်း ရာသီဥတုအကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်း ပြောဖြစ်ကြတယ်။ တစ်ခါတလေ ကျတော့လည်း တရားဓမ္မအကြောင်း၊ တရားစခန်းအကြောင်း ပဋိစ္စသပုပ္ပါဒ် အကြောင်း ပြောဖြစ်ပြန်တယ်။ တစ်ခါတလေတော့လည်း ဘီယာဆိုင်က ကောင်မလေးတွေအကြောင်း မြေဈေးအကြောင်း၊ အိမ်ဈေးအကြောင်း၊ ပြောဖြစ်ပြန်တယ်။
လကုန်ခါနီးတိုင်း ပြောဖြစ်တာကတော့ ထီဖွင့်ခါနီးပြီဆိုတဲ့အကြောင်း၊ ထီပေါက်ရင်ဘယ်လိုကဲလိုက်မယ်…၊ ဘာတွေဝယ်လိုက်မယ်..၊ ဘယ်တွေ သွားလိုက်တယ် ဆိုတဲ့အကြောင်း ပြောဖြစ်ကြတယ်။
ကျွန်တော်တို့ စကားပြောတဲ့ လကုန်ခါနီးတစ်ရက်မှာ ကျွန်တော့်ရဲ့မိတ်ဆွေ တစ်ယောက်က စကားပြောရင်း ``ခေါင်းမူးတယ်`` လို့ ပြောတယ်။ သူ အိမ်ပြန်သွားတယ်။ ကျွန်တော်လည်း (၄)နာရီထိုးတော့ စာသင်ဖို့ အတွက် အတန်းတွေရှိတဲ့ဆီကို သွားခဲ့ရတယ်။ ပထမအချိန် ပြီးခါနီး ညနေ (၅)နာရီလောက်မှာ ကျွန်တော့်ဆီကို တယ်လီဖုန်း မြည်လာတယ်။ ညနေက ခေါင်းမူးပြီး အိမ်ပြန်သွားတဲ့ ကျွန်တော့်မိတ်ဆွေ သွေးတိုးဖြစ်ပြီး ဆုံးသွားတယ်တဲ့…။
ကျွန်တော် အရမ်းအံ့သြသွားတယ်။ ညနေကမှ ထီပေါက်ရင်… ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး ကျွန်တော်တို့ ပြောခဲ့ကြသေးတာ။ အခုသူက မရှိတော့ဘူးတဲ့.. မြန်လိုက်တာ။ ဒီလိုနဲ့ သူ့အသုဘကို ကျွန်တော် လိုက်ပို့ရတယ်။ အသုဘ လိုက်ပို့ရင်း ကျွန်တော်စဉ်းစားမိတာလေး ပြောပြပါရစေ။
……
မြန်မာနိုင်ငံမှာ လူသန်းပေါင်း (၅၀)ကျော် ရှိတယ်။ တစ်လကို သိန်း (၁၀၀၀) ထီတစ်ဆုပဲ ဖွင့်တယ်။ လူသန်းပေါင်း (၅၀) ထဲမှာ တစ်ယောက်သာလျှင် ပိုင်ဆိုင်ခွင့်ရှိတဲ့ သိန်း (၁၀၀၀) ဆုကို ကျွန်တော်တို့ အမြဲမျှော်လင့်ကြတယ်။ ဒီလမပေါက်ရင် နောက်လပေါက်လိမ့်မယ်လို့ ကျွန်တော်တို့ အမြဲမျှော်လင့်ကြတယ်။ ဒီလမပေါက်ရင် နောက်လပေါက်လိမ့်မယ်လို့ ကျွန်တော်တို့ အမြဲယုံကြည်ကြတယ်။ ထီမပေါက်သေးဘူး.. ပေါက်ခဲ့ရင် လှူမယ်၊ တန်းမယ်၊ ရွှေဝယ်မယ်၊ မြေဝယ်မယ်၊ ကဲမယ်၊ သုံးမယ်၊ ငွေဆောင်သွားမယ်၊ ချောင်းသာသွားမယ်၊ မိသားစုနဲ့ ဘုရားဖူးထွက်မယ်၊ ကားဝယ်မယ်၊ လုပ်ငန်းတစ်ခုခုမှာ ငွေအရင်းထည့်ပြီး စီးပွားရေး လုပ်ပစ်လိုက်မယ်…။ ဒီလိုတွေးပြီး စိတ်ကူးတွေယဉ်လိုက်ကြရတာ လစဉ်တိုင်းပါပဲ။ ကျွန်တော်လည်း သိန်း (၁၀၀၀) ထီမပေါက်ဖူးဘူး။ ကျွန်တော့်သူငယ်ချင်းတွေထဲမှာလည်း သိန်း (၁၀၀၀) ထီပေါက်တဲ့သူ မကြားဖူးဘူး။
အခု… သေသွားတဲ့ကျွန်တော့်မိတ်ဆွေဟာ သိန်း (၁၀၀၀) ထီပေါက်ရင် ဘာလုပ်မယ်၊ ဘာလုပ်မယ်ဆိုပြီး အမြဲပြောတက်တဲ့သူ။ ဒါပေမဲ့ သူ… မရှိတော့ဘူး။ မသေချာတဲ့ သိန်း(၁၀၀၀) ထီပေါက်ဖို့ ယုံကြည်မျှော်လင့်နေကြတဲ့ ကျွန်တော်တို့ မေ့နေတာ တစ်ခုရှိတယ်။ လူသန်းပေါင်း (၅၀) ထဲမှာ သိန်း (၁၀၀၀) ထီပေါက်ဖို့ က မသေချာဘူး။ တစ်ယောက်တည်းသာ ဖြစ်နိုင်တယ်။ အဲဒီတစ်ယောက်ဟာ ကိုယ်ဖြစ်မယ်လို့ အမြဲစိတ်ကူးယဉ်ခဲ့ကြတယ်။ လူသန်းပေါင်း (၅၀) ထဲမှာ နေ့စဉ် နေ့စဉ် သေဆုံးနေကြတဲ့ လူတွေကို မြင်တိုင်း အဲဒီတစ်ယောက်ဟာ ငါဖြစ်နိုင်တယ်လို့ မတွေးခဲ့မိဘူး။ စိတ်မကူးခဲ့ဖူး။
သေဖို့ကတော့ သေချာတယ်။ ထီပေါက်ဖို့က မသေချာဖူး။
ဒါပေမဲ့ ငါ.. သေမယ်လို့ တစ်ခါမှ မတွေးမိဖူး။ မန္တလေးမြို့မှာဆိုရင် နေ့စဉ် လူ (၇၀) လောက်၊ သေနှုန်းရှိတယ်။ တစ်လကို လူ (၂၀၀၀) ကျော်လောက် သေတယ်။ အဲဒီထဲမှာ ကိုယ်ပါနိုင်တယ်လို့ တစ်ခါမှ မတွေးမိဖူး။ ဒါပေမဲ့ လူသန်း (၅၀) မှ တစ်ယောက်သာဖြစ်နိုင်တဲ့ သိန်း (၁၀၀၀) ထီကိုတော့ ကိုယ့်အလှည့် ရောက်နိုင်တယ်လို့ အမြဲတွေးမိတယ်။
ကျွန်တော့်တို့ စိတ်တွေဟာ သိပ်ပြီးအံ့သြစရာကောင်းတယ်။ အကောင်းတွေကိုတော့ အမြဲမျှော်လင့်တယ်။ အဆိုးတွေကိုတော့ နားနဲ့တောင် မကြားချင်ဖူး။
ဗေဒင်ဆရာက ထီပေါက်နိုင်တယ်လို့ပြောရင် ကြိုက်တယ်။ ဘယ်ဆိုင်က ထိုး၊ ဘယ်ဂဏန်းကိုထိုး၊ ဘယ်နေ့သားနဲ့တွဲထိုး၊ ဘယ်နေ့ထိုး၊ ဘယ်အချိန်ထိုး၊ ထီထိုးရင်း စိတ်ကူးလိုက်ရတာ ပျော်စရာပါ။ ဒါပေမဲ့ ဗေဒင်ဆရာက ဘယ်နေ့သေနိုင်တယ်လို့ပြောရင် မကြိုက်ချင်ဘူး။ ဘယ်ရောဂါနဲ့ သေမယ်။ ဘယ်လိုပုံစံနဲ့ သေမယ်။ ဘယ်နေရာမှာ သေမယ်။ အဲဒီလိုပြောရင် စိတ်ကူးဖို့နေနေသာသာ အဲဒီလိုပြောတဲ့ ဗေဒင်ဆရာကို လက်သီးနဲ့ ထ, ထိုးမိမှာပဲ။
ထီမပေါက်သေးဖူး။ ထီပေါက်ရင် ဘာလုပ်မယ်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုတွေ စိတ်ထဲမှာ အများကြီးပဲ။
``သေ``ဖို့ ``သေချာ`` တဲ့ ကျွန်တော်တို့က မသေခင် ဘာလုပ်မယ် ဆိုတဲ့ ကြိုတင်ပြင်ဆင်မှု ဘာမှမရှိဘူး။ သေပြီးရင်လည်း ငါ… ဘာဖြစ်မယ်လို့ တစ်ခါမှ မစဉ်းစားမိကြဘူး။ သေပြီးတဲ့နောက် ဖြစ်လာမယ့် ဘဝတစ်ခုအတွက် အခုကတည်းက ဘာတွေလုပ်ထားသင့်တယ်ဆိုတာ မတွေးမိဘူး။ တွေးမိရင်လည်း လက်တွေ့ အကောင်အထည် မဖော်ဖြစ်ဘူး။
သေဖို့ကတော့ လုံးဝသေချာတယ်။ အခုလား.. နေ့လား… ညလား… မနက်ဖြန်လား…။ ဒါပေမဲ့ ဘယ်တော့မှ သေဖို့အတွက် ဘယ်တော့မှ မျှော်လင့်မထားဖူး။
ထီပေါက်ဖို့ကတော့ လုံးဝမသေချာဘူး။ ဒါပေမဲ့… လဆန်းတိုင်း ကိုယ်ထီပေါက်လိမ့်မယ်၊ ကိုယ်ထီပေါက်နိုင်တယ်လို့ အမြဲမျှော်လင့်ထားတက်ကြတယ်။
``မသေချာ``တဲ့ ``ထီ`` နဲ့ ``သေချာ`` တဲ့ `` သေခြင်း`` ကို ယှဉ်ပြီး ကျွန်တော်တွေးမိနေခြင်းပါ။
``သေချာ` တဲ့ ``သေခြင်း`` အတွက် ဘာမှ မပြင်ဆင်ရသေးတဲ့ ကျွန်တော်ဟာ ``မသေချာ`` တဲ့ ``ထီ`` အတွက် လတိုင်း လတိုင်း၊ ပြင်ဆင်နေမိတယ်။ လူတစ်ယောက်သေဆုံးသွားရင် သေသွားတယ်လို့ပဲ တွေးမိတယ်။ ``ငါလည်း… သေနိုင်တယ်`` လို့အထိ မတွေးမိဘူး။ လူတစ်ယောက် ထီပေါက်ရင်.. ထီပေါက်တယ်လို့ဆိုတဲ့ အတွေးမှာတင် ရပ်မနေပဲ ``ငါလည်း… ထီပေါက်နိုငတယ်`` လို့ အထိ တွေးမိတယ်။
သတင်းစာဖတ်တိုင်း နာရေးကြေငြာတွေမှာ ကျွန်တော်တို့နာမည် တစ်နေ့မဟုတ်တစ်နေ့ သေချာပေါက် ပါမယ်ဆိုတာ မတွေးမိကြပါဘူး။ ကိုယ့်မိတ်ဆွေ နာရေးကြာ်ငြာပါရင်တော့ သူတော့ သေသွားပြီ။ ငါ့အလှည် ဘယ်တော့လဲဆိုတာ ဆက်မတွေးမိဘူး။
သတင်းစာထဲက သိန်း (၁၀၀၀) ထီ ထွက်တဲ့နေ့ဆို ``ငါများဖြစ်လေမလား`` လို့ တွေးမိသူတွေချည်းပါပဲ။ ကိုယ့်မိတ်ဆွေတစ်ယောက်သာ ထီပေါက်ရင် နောက်တစ်ခါ ``ငါ့အလှည့်``လို့ ကျွန်တော်တို့ အမြဲတွေးမိကြတယ် မဟုတ်လား
**********************
``ထီပေါက်`` ဖို့ မျှော်လင့်သလို၊ ``ငါသေနိုင်တယ်``လို့လည်း မျှော်လင့်သင့်တယ်။
``ထီပေါက်ဖို့က မသေချာ`` ဖူးနော်…။
``ငါသေဖို့က သေချာ``တယ်…။
``ထီပေါက်ရင် ဘာလုပ်မယ်`` လို့ တွေးထားသလို….
``ငါသေရင် ဘာဖြစ်မယ်`` လို့ တွေးကြည့်စေချင်ပါတယ်…။
ကိုယ့်လက်ထဲမှာတော့ ထိုးထားတဲ့ ထီလက်မှတ်တွေ ကိုင်ပြီး ရင်ခုန်မျှော်လင့်နေကြတယ်။
ဒီလိုပါပဲ…
ကိုယ့်ဘဝထဲမှာတော့ ကိုယ်ကိုယ်တိုင် ပြုမူထားတဲ့ အကောင်းအဆိုး၊ အဖြူအမည်း။ ကုသိုလ်.. အကုသိုလ်တွေနဲ့….။
*****************
မန္တလေး ။
Tuesday, May 10, 2011
ပန်းကန်ပြား တီးတဲ့အရူး
နေကလည်းပူလိုက်တာ။ အရေးထဲမှာ ဆိုင်ကယ်ကလည်း ဘီးပေါက်လိုက်သေးတယ်။
ကျွန်တော့်အိမ်က ကျွဲဆည်ကန်အရှေ့မှာပါ။ မွန်းလွဲ ၂ နာရီလောက်မှာ အိမ်ကထွက်ခဲ့တယ်။ နေပူပူလေပူပူအောက်မှာ ဆိုင်ကယ်ကိုဆင်းပြီးတွန်းရပါတော့တယ်။ ဆိုင်ကယ်ကို ဂီယာနံပါတ် ၀မ်းထည့်လိုက်တယ်။ လီဗာကို ဖြည်းဖြည်းလေးတင်ပြီး တွန်းလာခဲ့တယ်။
လေယာဉ်ကွင်းဟောင်းရှေ့မှာ ပန်းကန်ပြားတစ်ချပ်ကို အမြဲတီးနေတဲ့ အရူးတစ်ယောက်ရှိတယ်။ သူဟာ အမြဲတမ်းပဲ ကြေးပန်းကန်ပြားကို တုတ်တစ်ချောင်းနဲ့ တီးနေတက်တယ်။ ညစ်ပေနေတဲ့ ပ၀ါအနီကို အမြဲခြုံထားတက်တယ်။ သူ့အနားကို ကျွန်တော်ရောက်သွားတယ်။
``ငါကူပြီး တွန်းပေးမယ်``
``မလိုပါဘူး ရပါတယ်``
``ငါ ကူညီချင်လို့ကွ``
ဒီလိုနဲ့ ပန်းကန်ပြားတီးတဲ့ အရူးက ကျွန်တော့ဆိုင်ကယ်ကို လေထိုးကျွတ်ဖာဆိုင်ရောက်သည်အထိ တွန်းပေးပါတော့တယ်။ လေထိုးဆိုင်လည်းရောက်ရော သူက မပြန်သေးဘဲ ပန်းကန်ပြားကို ဆက်ပြီးတီးနေပါတယ်။ ကျွန်တော်က သူ့ကို ပိုက်ဆံ (၅၀၀) ကျပ်ထုတ်ပေးလိုက်ပါတယ်။ ဒီနေရာမှာသူနဲ့ ကျွန်တော်စကားတွေများခဲ့ကြတယ်။ စကားတွေပြောဖြစ်ခဲ့တယ်။ သူပြောတဲ့ စကားတွေက အရမ်းစိတ်ဝင်စားစရာကောင်းတယ်။
``ခင်ဗျားကို ကျွန်တော်မုန့်ဖိုးပေးတာ… ယူပါ``
``မင်း ငါ့ကို ပိုက်ဆံနဲ့ ဖျက်ဆီးတာလား။ လူတွေက တော်တော်ခက်တယ်။ ဒီပိုက်ဆံပဲကွ။ ဒီပိုက်ဆံကြောင့် လင်မယားတွေကွဲကြတယ်။ မိသားစုတွေ မုန်းကြတယ်။ ဒီပိုက်ဆံကြောင့် လူတွေပျက်စီးကြတယ်။ ဒီပိုက်ဆံကြောင့် စာရိတ္တတွေပျက်ကြတယ်။ ဂုဏ်သိက္ခာတွေကျတယ်။``
ကျွန်တော်အရမ်းအံ့သြသွားတယ်။ သူပြောတဲ့ စကားဟာ အဓိပ္ပာယ်တွေပါတယ်။ သူက ဆက်ပြောတယ်။
``လူတွေကတော်တော်ခက်တယ် ပိုက်ဆံရဖို့ အလုပ်လုပ်တယ်။ အလုပ်ကို လုပ်ချင်လို့ လုပ်နေကြတာ မဟုတ်ပါဘူး။ ပိုက်ဆံလိုချင်လို့ လုပ်နေကြတာ။ ဒါကြောင့် လူ့လောကကြီးပျက်စီနေတာ။ ငှက်တွေမှာ ပိုက်ဆံမလိုဘူး။ ဒါကြောင့် ငှက်တွေဟာ လူတွေလောက် ဒုက္ခမများဘူး။ လူတွေလောက်စာရိတ္တမပျက်ဘူး။ ပိုက်ဆံဆိုတာ ဒုက္ခရဲ့ နောက်ထပ်အဓိပ္ပာယ်တစ်မျိုးကွ``
သူက ကျွန်တော့်ကို ပြောနေတာ မဟုတ်ဘူး။ အရူးသဘာဝအတိုင်း ပြောချင်ရာပြောနေတာ။ ကျွန်တော်က သူ့ကိုပိုက်ဆံ တစ်ထောင် ထုတ်ပေးလိုက်တယ်။
``ကဲဗျာ ဒါဆိုတစ်ထောင်ယူ။ ခင်ဗျားက ကျွန်တော့်ကို ကူညီတာဆိုတော့ ကျေးဇူးတင်လို့ပါ``
``အဲ့ဒါပဲ… ဒါတွေကြောင့် ခက်တယ်ပြောတာ။ စေတနာဆိုတာ ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့မရဘူး။ မင်း ငါ့ကို မဖျက်ဆီးနဲ့။ ငါ့စေတနာကို မင်းတန်ဖိုးမဖြတ်နဲ့။ ငါက ဗိုက်ဆာနေတာ``
ကျွန်တော်လည်း လေထိုးကျွတ်ဖာဆိုင်အနီးက လက်ဖက်ရည်ဆိုင်ကို သွားလိုက်တယ်။ စားစရာလည်း ထူးထူးခြားခြား ဘာမှမတွေ့ဘူး။ ဒီလိုနဲ့ အဆင်သင့်ရှိတဲ့ ပေါက်စီ ကြော်နှစ်လုံးဝယ်လာလိုက်တယ်။
``ကဲ… ခင်ဗျား ဗိုက်ဆာရင် စား… ရော့``
သူက လိုလိုလားလားပဲ ပေါက်စီကြော်နှစ်ခုကို လှမ်းယူလိုက်တယ်။ ပေါက်စီကြော်ကို မစားသေးဘဲ သူ့ခေါင်းပေါ်မှာ လက်နှစ်ဖက်ကိုတင်ပြီးတစ်ခုခုကို ရွတ်ဖတ်နေတယ်။
``ဘာလုပ်နေတာလဲဗျ``
``သေသွားတဲ့ အဖေနဲ့ အမေကို ကျွေးနေတာ``
သူ့စကားတွေက တစ်မျိုးပဲ။ ဟုတ်တာပေါ့။ သူကက အရူးကိုး။ သူက စိတ်ဖောက်ပြန်နေတာကိုး။ သူဟာ ပေါက်စီကြော်နှစ်လုံးကို အားရပါးရစားနေပါတော့တယ်။
``ခင်ဗျား… ဒီ(၇၈)လမ်းပေါ်မှာ ဘာလုပ်နေတာတုန်း။ ခင်ဗျားကို ကျွန်တော်နေ့တိုင်းတွေ့တယ်။ ပန်းကန်ပြားကို အမြဲတီးတီးနေတာ ကျွန်တော်သတိထားမိတယ်။ ခင်ဗျား ဘယ်မှာနေတာလဲ``
``အဲ့ဒါပဲ ပေါက်စီကြော်ကျွေးပြီး လူကိုစပ်စုပြီ။ သူများအကြောင်း သိဖို့မကြိုးစားနဲ့။ ကိုယ့်အကြောင်းကို သိဖို့ ကြိုးစား။ လူမိုက်တွေဟာ သူများအကြောင်းကို စိတ်ဝင်စားတယ်။ လူလိမ္မာတွေက ကိုယ့်အကြောင်းကို ကိုယ်စိတ်ဝင်စားတယ်။ ကိုယ့်အမှားကိုယ်သိတယ်။ ကိုယ့်အမှားကိုယ် ပြုပြင်တယ်``
သူ့စကားက ကျွန်တော့်ရင်ကို လာပြီး မှန်ပါတယ်။
သူက ဆက်ပြောတယ်။
``ဒါ…. (၇၈) လမ်းမဟုတ်ဘူးကွ။ (၇၈)လမ်းက စစ်ကိုင်းလမ်းခွဲဓာတ်ဆီဆိုင်မှာ ဆုံးခဲ့ပြီ။ စစ်ကိုင်းလမ်းခွဲရဲ့ ဒီဘက်ကို ရန်ကုန်-မန္တလေး လမ်းလို့ခေါ်တယ်။ မသိရင်မှတ်ထား``
ကျွန်တော် ရေရေလည်လည်ခံလိုက်ရတယ်။ သူပြောတဲ့စကားတွေက မှန်နေတာကိုး ။ သူ့ကို စကားဆက်ပြောရင် စပ်စုတယ်လို့ ထင်ဦးမယ်။ ဒါကြောင့် ဘာမှ မပြောဘဲ သူပေါက်စီစားနေတာကို ကျွန်တော် စိုက်ကြည့်နေမိတယ်။
``ကျေးဇူးတင်တယ်လို့ မပြောတော့ဘူး။ ကျေးဇူးဆပ်နေရမှာစိုးလို့။ မင်းက ငါ့ကိုမုန့်ကျွေးတယ်။ ငါက မင်းကျွေးတာကိုစားတယ်။ မင်းကို ငါက ပြန်ကျွေးချင်မှ ကျွေးနိုင်မယ်။ ငါကမင်းကို ပြန်မကျွေးနိုင်ရင်လည်း မင်းက စိတ်မဆိုးနဲ့။ လူတွေကမျှော်ကိုးပြီး ကူညီချင်ယောင်ဆောင်ကြတာကွ``
သူပြောသမျှစကားတွေဟာ ကျွန်တော့်နားထဲမှာ အဆင်းတကြယ်ဖြစ်နေပါတယ်။ ဟုတ်တော့ဟုတ်တယ်။ ကျွန်တော်တို့ လူတွေကို ကူညီတယ်။ ပြီးတော့ တစ်ခုခု ပြန်တောင်းတယ်။ ရရင်ပျော်တယ်။ မရရင် မကျေနပ်ဘူး။
``စပ်စုတယ်… မထင်ပါနဲ့ဗျာ၊ ခင်ဗျားက တကယ်အရူးလား``
၏သူ့စကားတွေကြောင့် ကျွန်တော်က ဒီလိုမေးမိ လိုက်တာပါ။
ကျွန်တော့်စကားကိုလည်းကြားရော… တဟားဟားနဲ့ ရယ်ပါတော့တယ်။ အကြာကြီးကိုရယ်မောနေလိုက်တာ။
``ငါ့ကိုများ အရူးလားတဲ့၊ လူတိုင်းက အရူးပဲ ဥစ္စာ``
ကျွန်တော့်စကားနဲ့ ကျွန်တော်ခံလိုက်ရပြန်ပြီ။
သူက ကျွန်တော့်ကို မျက်ထောင့်နီကြီးနဲ့ ပြန်ပြီး စိုက်ကြည့်နေတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း သူ့ကို စကးဆက်ပြီးပြောချင်နေတယ်။ သူဘာတွေ ပြောမလဲဆိုတာကို စိတ်ဝင်စားနေမိတယ်။
``ခင်ဗျား.. ဒီလေယာဉ်ကွင်းရှေ့မှာ ပန်းကန်ပြားကြီးကို တီး.. တီးပြီး ဘာလုပ်နေတာတုန်း``
``အချက်ပြနေတာဟေ့… အချက်ပြနေတာ``
``ဘာ အချက်ပြတာလဲဗျ``
``ဒီလမ်းက မန္တလေးမှာ လူတိုင်း သွားမယ့်လမ်း``
သူ့စကားကို ကျွန်တော်နားမလည်ဘူး။ သူက ဆက်ပြောတယ်။
``ငါ… မော်တော်ကားတွေကို ရေတွက်နေတာ``
``ဒီလောက်များတဲ့ကားတွေ ခင်ဗျားရေတွက်နိုင်လို့လား``
``ငါက.. အသုဘကားတွေကိုမှ ရွေးပြီးရေတွက်တာကွ။ နေ့တိုင်း အစီး ၅၀ လောက်ရှိတယ်``
*****************
သူ့စကားကို စာဖတ်သူအား ဝေမျှလိုက်ပါတယ်။
စဉ်းစားကြည့်ရအောင်ဗျာ။
ရွှေမန္တလေးဂျာနယ်
အမှတ်(၂၈၆)၊ ၈.၁၁.၂၀၀၈။
ဦးဘုန်း (ဓာတု)
မန္တလေး။
ဦးဘုန်း (ဓာတု)
မန္တလေး။
Subscribe to:
Posts (Atom)

